01 Oct 2022 // အားလုံးဘဲမင်္ဂလာပါ ^^
Emiri ( အဲမိရိ ) လို့ခေါ်ပါတယ် ။ လက်ရှိရန်ကုန်မှာနေပါတယ် ။ အခုကတော့ ရုံးဝန်ထမ်း တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတာပါ။ နာမည်အရင်းကတော့ စောယုနန္ဒာ ပါ။ ဆရာကြီးမင်းသိင်္ခပေးခဲ့တဲ့နာမည်ဖြစ်တော့ နာမည်တူများပါတယ်။ ၁၆ရက် ၊ အောက်တိုဘာလ ၊ ၁၉၉၈ခုနစ်မှာ ရန်ကုန်မှာမွေး ၊ ရန်ကုန်မှာကြီးပြင်းခဲ့ပြီးတစ်ဦးတည်းသောသမီးပါ။ ကျွန်မက သာမန်မိသားစုကလည်းဖြစ် မိဘ၂ပါးလုံးက မိုးလင်းထွက်မိုးချုပ်ပြန်ကြပြီး အလုပ်ကိုယ်စီနဲ့မို့ အိမ်က အမြဲတိတ်ဆိတ်နေတဲ့ အိမ်လေးလို့ဘဲပြောရမှာပေါ့ ။ ဧည့်သည်အဝင်အထွက်ရယ်လို့လဲမရှိပါဘူး။
မေမေ့ဘက်က ဆွေမျိုးသားချင်းတွေက မှော်ဘီဘက်မှာနေတာဆိုတော့ ငယ်ငယ်က နွေရာသီပိတ်ရက်ဆိုတာနဲ့ သွားလည်နေကြပါ။ ၁၀တန်းအောင်ပြီးတော့ ထွေထွေထူးထူးတက်ချင်တဲ့ တက္ကသိုလ်ဆိုတာမျိုးမရှိတာကတစ်ကြောင်း၊ အပေါင်းအသင်းနည်းပါးခဲ့တော့ အတူတူတက်ချင်တဲ့ တက္ကသိုလ်ကိုဖိတ်တဲ့သူငယ်ချင်းကမရှိဆိုတော့ အဝေးသင် အင်္ဂလိပ်စာယူဖို့ မိဘနဲ့တိုင်ပင်တော့ ခွင့်ပြုခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဝါသနာပါတာကိုသင်ကြားပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ဆိုတော့ရိုးရှင်းတဲ့ ဆုံးဖြတ်ချက်လေးကြောင့်ပါဘဲ။ အခုချိန်ထိလဲ မေမေနဲ့ဖေဖေကို ကျေးဇူးတင်တုန်းပါဘဲ။ကိုယ်သွားမယ့်လမ်းကို ယုံယုံကြည်ကြည်နဲ့ လွတ်လပ်စွာလျှောက်လှမ်းခွင့်ပေးခဲ့ကြတယ်။
နောက်တစ်ခုကတော့ ကိုယ့်ဝါသနာကိုးက အိမ်မှာ ကာတွန်းကား၊ ကိုရီးယားကားတို့ထိုင်ကြည့်ရတာကိုးက ပျော်စရာတစ်ခု။ အထက်တန်းတုန်းကတော့ တီဗွီကြိုးတွေဖွက်ထားရတဲ့အထိဘဲ ။ဒါပေမယ့် တစ်ခုခုတော့ကျန်ခဲ့အောင်ကြည့်တတ်တာကတော့ ကိုယ်ရဲ့ကောင်းတဲ့အချက်လေးလို့ဘဲခံယူထားပါတယ်။ ဝါသနာကတော့ မဖြတ်နိုင်ခဲ့ပါဘူး။ဦးလေးက ဂျပန်စီနီယာတိုးဂိုက်ဖြစ်ပြီးအမြဲအားကျခဲ့ပါတယ် ။ ဒါကြောင့်လဲ ကိုယ့်ဝါသနာထဲက တစ်ခုဖြစ်တဲ့ ဂျပန်ဘာသာကို ၂၀၁၅ခုနှစ် ၁၀အောင်စာရင်းထွက်တာနဲ့ မနောရမ္မပညာဒါနကျောင်းကို ဆိုက်ဆိုက်မြိုက်မြိုက်သွားရောက်တက်ဖြစ်ခဲ့တာပါ။ ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ပြီးတော့ ကျောင်းသား ၂၀၀ကျော်လောက်က အပတ်စဉ် စနေနဲ့တနင်္ဂနွေနေ့တွေမှာသွားတက်ကြပြီး ထူးချွန်တဲ့ ကျောင်းသားတွေမွေးထုတ်ပေးနေတဲ့ကျောင်းပါ။ အဲမီကလည်း မိဘတွေဆီက သင်တန်းစရိတ်တောင်းပြီး အခက်အခဲမဖြစ်စေချင်တာတစ်ကြောင်း ၊ ဖေဖေက စမ်းချောင်းဇာတိဆိုတော့ဘုန်းကြီးကျောင်းရဲ့ ဂုဏ်သတင်းတွေသိတော့ သမီးဖြစ်သူကို လမ်းညွှန်ပေးခဲ့လို့လဲတက်ဖြစ်ခဲ့တာပါ။ အိမ်နဲ့ကျောင်းနဲ့၁နာရီလောက်ကားစီးရပြီးဝေးတယ်။ အခြေခံနေ့လည်ပိုင်းတက်ပြီး ညနေ ၅နာရီက ၈နာရီအထိ ဘုန်းကြီးကျောင်းက စကားပြောသင်တန်း Erin Group မှာဆက်လက်တက်ဖြစ်ခဲ့ပါတယ်။ အိမ်ပြန်မိုးချုပ်တော့ ၁နှစ်ခွဲလောက်ကြာအောင်ကားစီးရင်းဖေဖေနဲ့အတူတူပြန်ခဲ့ပါတယ်။
ဝါသနာနဲ့ကြိုးစားတာရယ် ၊ Erinမိသားစုကအားပေးမှုတွေကြောင့် ဂျပန်စကားပြောပြိုင်ပွဲကိုဝင်ပြိုင် ခဲ့ပါတယ် ။ ၂၀၁၇ခုနှစ်၈လပိုင်းမှာတစ်ကြိမ်ဆုရရှိခဲ့ပြီး ၂၀၁၈ခုနှစ်၁လပိုင်းမှာ ဂျပန်နိုင်ငံကို တစ်ပတ်ကြာ လည်ပတ်ခွင့်ရခဲ့ပြီး ၂၀၁၉ခုနှစ်၈လပိုင်းမှာသံရုံးစကားပြောပြိုင်ပွဲမှာလဲ ဒုတိယဆုရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ တိုးဂိုက်မဖြစ်ခဲ့ပေမယ့် ဝန်ထမ်းများနဲ့အလုပ်ရှင်ရဲ့တံတားလေးလို့တင်စားကြတဲ့ မန်နေဂျာတာဝန်ကိုထမ်းဆောင်နေပါတယ် ။ တာဝန်လဲကြေပွန်အောင်ထမ်းဆောင်ရင်း တစ်ခါတစ်ရံမှာ ဝါသနာပါတာလေးတွေကိုလည်း စမ်းလုပ်ချင်မိပါတဲ့ အတွက် အခုစာဖတ်နေသူနဲ့ ဆုံတွေ့ရတာပါဘဲ ။ ။ ဆက်လက်အားပေးပါဦးနော် .....